THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


Video Gallery

  • no image

    စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးဝါးအတုများ ကင်းရှင်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

    Mon 07-2017

    နေပြည်တော်၊ ဇူလိုင် (၅)

           စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးဝါးအတုများကင်းရှင်းရေး ညှိနှိုင်း အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးများထုတ်လုပ်ပေးလျက်ရှိသည့်အခြေအနေ၊ လက်ရှိရောင်းချဖြန့်ဖြူးလျက်ရှိသည့် အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် BPI ဆေးဝါးအရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်ထားရှိမှုနှင့် နောင်ဆက်လက်ဖွင့်လှစ်မည့်အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ဆေးဝါးလိုအပ်မှုအခြေအနေ၊ ပြည်ပမှဆေးဝါးများတင်သွင်း နေမှုအခြေအနေ၊ ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိချက်အရ သံသယဖြစ်ဖွယ်ရှိသော ဆေးဝါးအမျိုးအစားများနှင့် ဆင်တူယိုးမှားအတုပြုနေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီးနောက် BPI ဆေးဝါးများကို အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီးများတွင် BPI ဆေးဝါးအရောင်းဆိုင်/ ကောင်တာများ ဖွင့်လှစ်သွားနိုင်ရေးနှင့် ဆေးဝါးအတုများ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးခဲ့ကြပါသည်။

       ထို့နောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် FDA မှ တာဝန် ရှိသူများသည် ဆေးဝါးအတု/အစစ် အလွယ်တကူခွဲခြားနိုင်သည့် စက်ပစ္စည်းဖြင့် လက်တွေ့သရုပ်ပြစစ်ဆေးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ဆေးဝါးစစ်ဆေးရေး စက်ပစ္စည်းသည် ဆေးဝါးနှင့် ဓါတုပစ္စည်းအမျိုးပေါင်း ၂၀,ဝဝဝ ကျော်ကို စစ်ဆေးနိုင်ကြောင်း၊ အရွယ်အစားသေးငယ်ပြီး ကွန်ပျူတာဖြင့် ချိတ်ဆက်၍ အလွယ်တကူအသုံးပြုနိုင်ခြင်း၊ Spare Battery အပိုပါဝင်ခြင်းတို့ကြောင့် ဈေးကွက်အတွင်း မည်သည့်နေရာတွင်မဆို On-site အလွယ်တကူ သွားရောက်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဆေးဝါးလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

    (သတင်းစဉ်)


Top